စစ်ရေးဆုံးရှုံးမှုများ ရှိနေသော်လည်း ပန်းတိုင်ကို မျက်ခြေမပြတ်ရန် PDF များအား NUG ယာယီ သမ္မတ သတိပေး

ဓာတ်ပုံ – အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ ။ နွေဦးတော်လှန်ရေးအတွင်း နိုင်ငံရေးစိန်ခေါ်မှုများနှင့် စစ်ရေးအရ လက်လွှတ်ဆုံးရှုံးရမှုတချို့ ခပ်စိပ်စိပ် ကြုံတွေ့နေရသော်လည်း အန္တိမပန်းတိုင်ကို မျက်ခြေမပြတ်ရန် ယာယီသမ္မတက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များအား သတိပေး တိုက်တွန်းလိုက်သည်။ (NUG Screen Grab)
မောင်ခက်နွေ
မဇ္ဈိမ။ ။ နွေဦးတော်လှန်ရေးအတွင်း နိုင်ငံရေးစိန်ခေါ်မှုများနှင့် စစ်ရေးအရ လက်လွှတ်ဆုံးရှုံးရမှု တချို့ ခပ်စိပ်စိပ် ကြုံတွေ့နေရသော်လည်း အန္တိမပန်းတိုင်ကို မျက်ခြေမပြတ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များအား သတိပေး တိုက်တွန်းလိုက်သည်။
ယနေ့ (မေလ ၅ ရက်)တွင် ကျရောက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းခြင်း ငါးနှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းတွင် ယာယီသမ္မတက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကြုံတွေ့နေရတဲ့ နိုင်ငံရေးစိန်ခေါ်ချက်တွေ အမြောက်အမြား ရှိနေသလို စစ်ရေးအရ လက်လွှတ်ဆုံးရှုံးရမှု တချို့လည်း ခပ်စိပ်စိပ် ကြုံတွေ့နေကြရပါတယ်။ တော်လှန်ရေးရဲ့ သဘောဟာ အနိမ့်အမြင့် အတက်အကျတွေ ရှိတတ်သလို၊ ရှေ့နှစ်လှမ်းတိုး နောက်တလှမ်း ဆုတ်ရတဲ့ ဖြစ်စဉ်မျိုးတွေလည်း ရှိတတ်တယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ဆိုသည်။
ယင်းကဲ့သို့ အတက်အကျ၊ အနိမ့်အမြင့်များ ရှိနေသော်လည်း မြေပြင်ရှိ ပကတိအခြေအနေများကို လျစ်လျူမရှုဘဲ ပြည်သူလူထု လိုလားသည့် ရည်မှန်းချက်ပန်းတိုင်အား မရောက်မချင်း ဇွဲနပဲကြီးစွာဖြင့် ဆက်လက်ကျော်ဖြတ်ကြရန် ၎င်းက တိုက်တွန်းခဲ့သည်။
တော်လှန်ရေးခရီးကြမ်း၌ PDF တပ်ဖွဲ့များအနေဖြင့် လက်နက်ကိုင်သမိုင်းတွင် မကြုံဖူးသည့် အောင်မြင်မှုများ ရရှိခဲ့သော်လည်း လက်ရှိအချိန်အထိ ခရီးဆုံးပန်းတိုင်သို့ မရောက်သေးကြောင်း ၎င်းက ထောက်ပြသည်။
ထို့ပြင် PDF ရဲဘော်များသည် လက်ရှိတွင် တော်လှန်ရေးသမားများအဖြစ် တိုက်ပွဲဝင်နေရသကဲ့သို့ တော်လှန်ရေးအလွန်ကာလများတွင်လည်း ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် “တိုင်းပြု ပြည်ပြုသမားများ” အဖြစ် ဆက်လက်ပါဝင်ကြရမည်ဖြစ်ကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုထားသည်။
ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန် ရဲဘော်များအနေဖြင့် အသိဉာဏ်ပညာ ကိုယ်ခံအားကို ဖြည့်တင်းထားရန် လိုအပ်ပြီး ပြည်သူအားကိုးယုံကြည်ထိုက်သည့်၊ စည်းကမ်းသေဝပ် စနစ်ကျသော တပ်မတော်တရပ်အဖြစ် ဆက်လက်တည်ဆောက်သွားရန်လည်း ယာယီသမ္မတက လမ်းညွှန်ထားသည်။
NUG အစိုးရအနေဖြင့်လည်း ပြည်သူ့အစိုးရပီသစွာ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့်အတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ပြတ်ပြတ်သားသား ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိပြုထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ငါးနှစ်တာ ကာလအတွင်း နိုင်ငံတဝန်း၌ တိုင်းစစ်ဌာန ၁၀ ခု၊ တပ်မ တစုနှင့် တပ်ရင်းပေါင်း ၃၆၀ ရင်းကို ကွပ်ကဲမှုတခုတည်းအောက်တွင် စနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားနိုင်ပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
